သမိုင်းကြောင်း
ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။ ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။
ပုဂံနိုင်ငံတော်
အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။




